ကျနော်က ချော်တော်ငေါ့ပြီး မိန်းမ၊ ကလေး၂ယောက်နဲ့ ဘန်ကောက်ကနေ
Siem Reapကို နယ်စပ်ကိုဖြတ်ပြီး ကားနဲ့သွားပါတယ်။
အတွေ့အကြုံလိုချင်တာရယ်၊
ကလေးတွေကို ရေပြောင်း မြေပြောင်းပြချင်တာတွေရယ်ကြောင့်ပါ။
လိုင်းကားစီးဖို့က ပထမတည်းတဲ့နေရာက Silom မှာ ဖြစ်နေလေတော့
ထိုင်း-ကမ်ဘောဒီးယား နယ်စပ်ကို သွားတဲ့ ကားဂိတ်နဲ့ ဝေးနေတာကြောင့်ရယ်က တချက်၊
ကလေးတွေပါတာကြောင့်ရယ် နောက်တချက်ကြောင့် ကားစင်းလုံးငှားပြီး သွားဖို့ စီစဉ်လိုက်ပါတယ်။
တည်းတဲ့ Center Point Silomမှာ မေးတော့ နယ်စပ်အထိကို ဘတ်၆၀၀၀တောင်းပါတယ်။
အဲ့ဒါနဲ့ Facebook ထဲက သိတဲ့ ကိုစိုင်း-ဘန်ကောက်လမ်းညွှန်ကို မေးတော့ ဘတ်၃၅၀၀ဆိုတာနဲ့
သူ့ဆီကပဲ ငှားလိုက်ပါတယ်။
သူများတွေပြောတာကတော့ မြန်မာတွေအနေများတဲ့ Baiyoke suite hotel နဲ့
Baiyoke Sky hotel ကြားက လမ်းကြားထဲက DD House လို့ခေါ်တဲ့
Guest House ကနေ နယ်စပ်ကို ထွက်တဲ့ ကားတွေကို စီးလို့ ရတယ်ပြောပါတယ်။
နောက်တခုကတော့ Mo Chit ကားဂိတ်ကနေ ဘစ်ကားလည်းစီးလို့ရတယ်ပြောပါတယ်။
ဟိုတယ်ကို မနက် ၉နာရီမှာ လာခေါ်ပါတယ်။ ကားကတော့ တိုယိုတာ INNOVA ပါ။
Photo: Taxi from Hotel to Thai-Cambodia : Poi Pet border
ကားမောင်းသမားက ထိုင်းလူမျိုးပါ။ စကားသိပ်မပေါက်ပေမယ့် အဆင်ပြေပါတယ်။
လမ်းမှာ မောင်းတာ ၂နာရီခွဲလောက်ကြာပြီးတော့ ပေါက်တောရယ်
သူ့ကားဆီထည့်ဖို့ရယ် ခဏရပ်ပါတယ်။
ကိုယ်တွေက ကော်ဖီသောက် မုန့်မြန်မြန်စား ဖွါတော်ဆက်ပေါ့လေ။
နောက်ထပ် ၂နာရီဆက်မောင်းပြီးတော့ ဆီတခါထပ်ထည့်ပါတယ်။
အဲ့ဒီမှာ နာရီက တချက်ခွဲလောက်ရှိနေပြီဆိုတော့ ထမင်းကို ကသုတ်ကရိုက် စားလိုက်ပါတယ်။
လူကြီးတွေက ကွေ့တယိုရယ်၊ ဝက်သားဒုတ်ထိုးရယ်စားပြီး ကလေးတွေနဲ့
ကားဆရာကို ကြက်ဆီထမင်းကြွေးလိုက်ပါတယ်။
ကွေ့တယိုရယ်၊ ကြက်ဆီထမင်းရယ်က ဘတ်၄၀ဆီနဲ့ ဝက်သားဒုတ်ထိုးက တပွဲကို
ဘတ်၁၀၀ပေးရပါတယ်။ အရသာက မြန်မာဝက်သားဒုတ်ထိုးနဲ့ ဆင်ပါတယ်။
အချဉ်ရယ် ကြက်သွန်ဖြူရယ် ငရုတ်သီးစိမ်းလေးကိုက်ပြီး စားရတာ အရသာရှိပါတယ်။
Photo: ဝက်သားဒုတ်ထိုးရယ်။ ကွေ့တယိုရယ်။
Poi Pet border ကို ရောက်ပါပြီ။ ကီလိုမီတာ ၂၅၀လောက် မောင်းခဲ့ရပါတယ်။
ဟိုတယ်ကထွက်ပြီး သုဝဏ္ဏဘူမိလေယာဉ်ကွင်းသွားတဲ့ အတိုင်းလာခဲ့ပြီး Route 304အတိုင်းလာ Route 359 ကိုယူပြီး Route 33ဆုံတဲ့နေရာကနေ Route 33အတိုင်း မောင်းခဲ့ရပါတယ်။
Photo: Route 33 via Route 359
ထိုင်းဘက်က အင်မီဂရေးရှင်းကို သွားမယ်ထင်ပြီး ကားသမားနဲ့ လာခေါ်တဲ့ သူတွေနောက်ကို ယောင်တောင် ပေါင်တောင်နဲ့ လိုက်သွားမိပါတယ်။
နေရာက @BORDER HOTELရဲ့ဘေးက အဖြူရောင် အဆောက်အဦးလေးရှေ့ကိုပါ။
Photo: @BORDER HOTEL (Google)
ဗီဇာမလိုဘူးပြောပါတယ်။ ဒါပေမယ့် immigration card ဖြည့်ရမယ်ဆိုပြီး ပါ့စပိုစ့်တွေ white card တွေတောင်းပါတယ်။ ပြီးတော့ ကမ်ဘောဒီးယား immigration cardကို တယောက်တလက်နဲ့ ဖြည့်ပေးကြတယ်။ အဲဒီအချိန်ကြမှ ကျနော့်မိန်းမက သူတို့ဖြည့်ခဆိုပြီး ဘတ်၁၀၀-၂၀၀တောင်းမယ် လာပြောပါတယ်။ ဪ... ကိုယ်ကလည်း ဘတ်၂၀၀ဆိုလည်း ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ပိုက်ဆံလည်းတောင်းရော ဘတ်၂၀၀ပေးတာကို ဘတ်၂၀၀ဆိုတာ တယောက်ကို ဆိုပြီး လုပ်ရော။
၎ယောက်ဆိုတော့ ဘတ်၈၀၀။
အဲ့ဒါနဲ့ အိုကေ ပါ့စပိုစ့်တွေအရင်ကြည့်ဦးမယ်ဆိုပြီး ပြန်ယူထားလိုက်ပါတယ်။
ပြီးတော့မှ သူတို့ ရေးထားတဲ့ immigration cardတွေကို ထုတ်ပြီး ဒါလေးရေးတာ တယောက် ဘတ်၂၀၀မပေးနိုင်ဘူးလို့ ထချဲရပါတော့တယ်။
ပြီးတော့ ဒီထဲမှာ ငါရဲ့ ဒေတာတွေပါတယ် ဒီစာရွက်ကို ပြန်မပေးနိုင်ဘူးဆိုပြီး သူတို့ရှေ့မှာ လူမိုက်ဆန်ဆန်နဲ့ immigration cardတွေကို စုတ်ဖြဲလိုက်ပါတယ်။
ကိုယ်ကတော့ သူတို့ဖြဲလည်း ပြန်ဖြဲမယ် တွေးထားပြီးသားပါ။ ပြီးတော့ ကား ဆီပြန် အထုတ်တွေယူပြီး အဲဒီအဆောက်အအုံဘေးက လမ်းမကနေ ကလေးတွေနဲ့ ထိုင်း Passport control - immigration office ကို ချီတက်ခဲ့ပါတော့တယ်။
Photo: To Thai Immigration - Passport Control
Photo: To Thai Immigration - Passport Control
ထိုင်း Passport control - immigration ရောက်ရင် အထွက်တုံးကို သေသေချာချာ
ထုလား မထုလား ကြည့်ပါ။
Photo: To Cambodia Immigration
Photo: Kingdom of Cambodia မုဒ်ဦး
လမ်းကို ညာဘက်အခြမ်းကူးပါ။
ကူးပြီးတာနဲ့ Grand Diamond City Hotel and Casino အကျော်မှာ
ကမ်ဘောဒီးယား Arrival အဆောက်အဦးသေးသေးလေးကို တွေ့ပါမယ်။
Photo: Cambodia Immigration (Google)
တပြားမှ မပေးရပါဘူး။
ကိုယ်တွေက အပြန်ကို Siem Reap ကနေ ဘန်ကောက်ကို ပြန်မယ့် လေယာဉ်လက်မှတ်ဝယ်ထားပြီးသားဆိုတော့ အဆင်ပြေပါတယ်။
Poi pet ကနေ Siem Reap ကို သွားမလားမေးကြတဲ့ ကားသမားတွေအများကြီးပါ။
ကိုယ်တွေသိထားတာက ကားခက ယူအက်စ်၄၀-၅၀လောက် ပေးရမယ်လို့ သိထားပါတယ်။
စောစောက အဖြစ်အပျက်ကြောင့် ခေါင်းနည်းနည်းရှုပ်သွားတော့ ကားသမားက ဘတ်၂၅၀၀တောင်းတာကို ဘတ်၁၉၀၀ပဲ ဆစ်လိုက်မိတယ်။ (Approx. USD 65)
Toyota Camry မော်ဒယ်အဟောင်း။
Photo: Transport from Poi Pet border to Royal Empire Hotel
Poi Pet borderကနေ ၂နာရီခွဲမောင်းပြီးတော့ Siem Reap ကို ရောက်ပါတယ်။
Photo: Entrance of Siam Reap City
ခရီးကဝေး နေကလည်းပူတာကိုး။ မနက်၉နာရီကတည်းက ဘန်ကောက်က ထွက်လာတာ
Siem Reap ရောက်တော့ ညနေ ၅နာရီခွဲပါပြီ။
တော်သေးတာကဘန်ကောက်ကို အပြန်လေယာဉ်နဲ့ပြန်ဖို့ စီစဉ်ထားလို့ပါပဲ။
No comments:
Post a Comment